(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကျင်းပ

ဘားအံ ဇန်နဝါရီ ၅

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တည်ခင်းဧည့်ခံသော (၇)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ခင်းပိုင်းတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဥပစာ မြက်ခင်းပြင်၌ ကျင်းပသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် (ကိုယ်စား) ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ အမှတ်(၂၂)ခြေလျင်တပ်မ ဌာနချုပ် ဒုတိယတပ်မမှူးဗိုလ်မှူးကြီး ကျော်စိုးလင်းနှင့် ဇနီး၊ ကရင်တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

ဂုဏ်ပြုညစာစားပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် (ကိုယ်စား) ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များက တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အတူတကွ ညစာသုံးဆောင်ခဲ့ကြသည်။

အလားတူ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို ဘားအံမြို့၊ သီရိကွင်း၌ ညနေ ၆ နာရီအချိန်ခန့်တွင် စတင်ကျင်းပရာ Domkey Music Band နှင့် တွဲဖက်၍ နိုင်ငံကျော်တေးသံရှင် များဖြစ်သော အယ်လ်ဆိုင်းဇီ၊ ပူစူး၊ ဂျက်မြသောင်း၊ ပိုးဖြူဖြူ တို့နှင့်အတူ ဒေသခံကရင်အဆိုတော်လုံးမာန်၊ ဖော့ချိုခန့်နှင့်အဖွဲ့တို့မှ ကရင်၊ မြန်မာ တေးသံသာ များဖြင့် သီဆိုဖျော်ဖြေကြရာ ဘားအံမြို့ပေါ် ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ဒေသများမှ ဂီတဝါသနာရှင် တိုင်းရင်းသားပြည်သူများ စည်ကားသိုက်မြိုက်စွာနှင့် အေးချမ်းပျော်ရွှင်စွာ  နားသောတဆင် ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် တေးဂီတ ဖျော်ဖြေပွဲကို ည ၁၀ နာရီခန့်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း