ပေါက်ခေါင်း ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ ကျက်သရေဆောင် လေးမျက်နှာစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ် အပူဇော်ခံပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက လေးမျက်နှာစေတီတော် ဂန္ဓကုဋီတိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿဗုဒ္ဓပဏာမဂါထာတော် သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တသီလာစာရ ဆရာတော်ကြီးထံမှ ရှစ်ပါးသီလကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့်အတူ ခံယူဆောက်တည်ကြသည်။ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျောက်ထားပြီး သရက်တောကျောင်းတိုက်ဆရာတော်ကြီးက ဩဝါဒကထာမိန့်ကြားခဲ့သည်။
ယင်းနောက် လေးမျက်နှာစေတီတော်မြတ်ကြီး၏ ဩဝါဒစရိယ ဆရာတော်ကြီးများ ဦးဆောင်လျက် ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဗုဒ္ဓမြတ်စွယ်တော်ကို ကိန်းဝပ်ရာဂန္ဓကုဋိ တိုက်မှပင့်ဆောင်တော်မူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်သည်တော်များ ခြံရံလိုက်ပါ၍ လေးမျက်နှာစေတီတော် မြတ်ကြီးအား လက်ယာရစ်သုံးပါတ်လှည့်လည်ပင့်ဆောင်၍ ယာယီကိန်းဝပ်စံပါယ်တော်မူမည့် ရွှေပလ္လင်တော်ပေါ်သို့ ပင့်ဆောင်အပူဇော်ခံထားရှိသည်။ ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓမြတ်စွယ်တော်ကို ပြာသိုလပြည့်နေ့မှ လပြည့်ကျော် ၆ ရက်၊ ဇန်နဝါရီလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ (၇)ရက်တိုင်တိုင် ကျင်းပပြီး မြတ်စွယ်တော်ကို ဖွင့်လှစ် အပူဇော်ခံမည်ဖြစ်သည်။ ဇန်နဝါရီလ ၈ ရက်နေ့မှစတင်၍ လေးမျက်နှာစေတီ ပရဝုဏ်အတွင်း၌ နယ်လှည့်ဈေးရောင်းပွဲတော် ဈေးသည်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း လေးမျက်နှာစေတီဂေါပကအဖွဲ့ထံမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)