သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကွင်းဆင်း ဆောင်ရွက်

သရက် စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ ပြည်တော်အေးရပ်ကွက်၌ ယနေ့ နံနက်(၉)နာရီက သွေးလွန် တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အသိပညာပေး နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို  ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှဝန်ထမ်းများက  သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ မိုးတွင်း ကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးအဓိက သတင်းစကား (၈)ချက်အား Hand Speaker ဖြင့် အသိပေးနှိုးဆော်ခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ သောက်သုံးရေကန်များ၊ ရေအိုးနှင့် ပန်းအိုးများအား အဘိတ်ဆေးခတ်ခြင်း၊ ခြင်ခိုအောင်းနိုင်သည့် စွန့်ပစ် ပစ္စည်းများအား မိုးရေမဝင်စေရန်နှင့် ပိုးလောက်လန်းဘဝမှ ခြင်ဖြစ်မလာ စေရန် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အလားတူ  သရက်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း  ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းများ၊ အဘိတ် ဆေးခတ်ခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သားဖွား ဆရာမ ဒေါ်မြင့်မြင့်ဝေထံမှ သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)