အုတ်တွင်း ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက အုတ်တွင်း အထက ပညာသီရိခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဒေါ်မာလာမြင့်က မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး Grade 1 ကျောင်းသား ကျောင်းသူလေးများက တေးသရုပ်ဖော်အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် အင်္ဂလိပ်/ သင်္ချာစွမ်းရည်၊ စာစီစာကုံး၊ ပန်းချီ၊ စစ်တုရင်၊ လူရည်ချွန်၊ ကဗျာ၊ ဆို၊ က၊ ရေး၊ တီးနှင့်အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား ကျောင်းသူ (၇၁)ဦးအား ဆုများချီးမြှင့်ပေးသည်။
မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်ဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမင်းအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်မာလာမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ ဆက်)