သာယာဝတီ ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ဆရာစံခန်းမ၌ကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုများ၊ တောင်သူများလက်ဝယ်သို့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက်လိုအပ်သော သွင်းအားစုများ တောင်သူများလက်ဝယ်သို့ ပေးအပ်ရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက ပဲခူးတိုင်းဒေသကြီးအတွင်း တောင်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပဲတီစိမ်းရာသီတွင် အကျိုးတူကန်ထရိုက် လယ်ယာစနစ် (ContractFarming) ဖော်ဆောင်ပြီး သွင်းအားစုများ တောင်သူများလက်ဝယ်သို့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ပြောကြားသည်။
ဆက်လက်၍ သာယာဝတီမြို့နယ်အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် (Contract Farming) ဖော်ဆောင်သည့် တောင်သူများလက်ဝယ်သို့ လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက်လိုအပ်သော သွင်းအားစုများ ပေးအပ်ကြရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ သမဝါယမဦးစီးဌာန ဒုတိတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်း၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်အောင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်နိုင်၊ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းတို့က ပေးအပ်ကြရာ တောင်သူများက အသီးသီးလက်ခံရယူကြပြီး တက်ရောက်လာသော တောင်သူ (၁) ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
သာယာဝတီမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ပဲတီစိမ်း လျာထားဧက(၁၇၂)တွင် သရက်ကုန်းအုပ်စုရှိ တောင်သူ(၂၂)ဦးတို့ဖြင့် ဆောင်ရွက်လျက်ရှိရာ တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှစ်သောင်းနှုန်းဖြင့် (၁၇၂)ဧကအတွက် (၂၀၆၄၀၀၀) ကျပ်တန်ဖိုးရှိ ယူနတီမှိုသတ်ဆေး၊ ပရီဝါသွန်နှင့်ငှက်ကြီးတောင် ပိုးသတ်ဆေးများ၊ တောင်သူများလက်ဝယ်သို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)