လက်ပံတန်း ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို အထက(၁)လက်ပံတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က ပညာရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယခုကဲ့သို့ စည်ကားသိုက်မြိုက်စွာ မြင်တွေ့ရသည့်အတွက် အလွန်ပင်ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ ယနေ့ကျောင်းသား/ ကျောင်းသူများသည် နောင်တစ်ချိန်တွင် အမိနိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်းယူကြရမည့်သူများဖြစ်သည့်အတွက် ထူးချွန်ထက်မြက်သည့် ကျောင်းသား/ ကျောင်းသူများဖြစ်လာစေရေး ပညာကိုပိုမိုကြိုးစားကြရန်လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်စမ်းမြင့်က ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်အတွက် အားကိုးရသည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ဆက်လက်ကြိုးစားကြရန်လိုအပ်ကြောင်း၊ သင်ကြားပေးခဲ့သည့် ဆရာဆရာမများကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ယခုထက်ပိုမိုကြိုးစားစေလိုကြောင်း တိုက်တွန်းအားပေးစကားပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာပညာသင်ကြားပေးခဲ့သော ဆရာ ဆရာမများနှင့် မြို့နယ်အဆင့် ဉာဏစွမ်းရည်ထူးချွန်ဆုရရှိခဲ့သည့် ကျောင်းသားကျောင်းသူ (၁၀၂)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်ဝင်းခိုင်နှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ထို့နောက် အထက(၃)လက်ပံတန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ကဗျာလွတ် အကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ ခရိုင်အဆင့် မြို့နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသား/ ကျောင်းသူ (၁၀၄)ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခဲ့ပြီး အထက(၂)လက်ပံတန်း ကျောင်းသား ကျောင်းသူများမှ "ဇာတိမာန်" သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး တက်ရောက်လာသော ဧည့်သည်တော်များနှင့် ဆရာကြီးဆရာမကြီးများက ဆုတော်ငွေများချီးမြှင့်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ ဆက်