မင်းဘူး စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်းမှ ဆင်များ ကိုဗစ်-၁၉ ကြောင့် ဆင်စခန်းများ ပိတ်ထားသည့် ကာလတွင် အနယ်နယ် အရပ်ရပ်က ဆင်ချစ်သူများ ဆင် စာဘူဖေး ကျွေးမွေးလှူဒါန်းမှုများ ရှိသော်လည်း နည်းပါးလျက် ရှိနေသေးကြောင်း မင်းဘူးခရိုင် သစ်ထုတ် ရေး မန်နေဂျာ ဦးအောင်နေလင်း ထံမှသိရသည်။
အနယ်နယ် အရပ်ရပ်မှ ဆင်ချစ်သူများသည် Online မှတဆင့် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းမှုများ ရှိ သော်လည်း ၁၂ ကြိမ်သာ ရှိသည့်အတွက် နည်းနေသေးကြောင်း ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်းမှ သိရသည်။ ဆင်စာများအတွက် နေဗီယာမြက်၊ ငှက်ပျောသီး၊ ငှက်ပျောပင်၊ ဖရုံသီး၊ ဖရဲသီး၊ သခွါးသီး၊ သရက်သီး၊ ပျောင်းဖူးများကို ဆင်စာအဖြစ် ကျွေးမွေးနိုင်သည်။
ရွှေစက်တော် မန်းချောင်းအပန်းဖြေ ဆင်စခန်းမှ ဆင်များ အစာရေစာ အခက်အခဲရှိပြီး ဆင်ချစ်သူများ အနေဖြင့် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလိုပါက တယ်လီဖုန်းဖြင့် ဖြစ်စေ၊ ဆင်စခန်းများ၏ page များမှ ဖြစ်စေ ဆက်သွယ် လှူဒါန်းနိုင်ပြီး ဆင် (၁၂) ကောင် ရှိသော်လည်း သုံးသောင်း၊ ငါးသောင်း၊ ခုနှစ်သောင်းမှ တစ်သိန်းကျပ် အထိ မိမိတို့လှူ ဒါန်းလိုသလောက် ဆင်စာဘူဖေးများ ကျွေးမွေးလှူဒါန်း နိုင်ပါကြောင်း မင်းဘူးခရိုင် သစ်ထုတ်ရေး မန်နေဂျာ ဦးအောင်နေ လင်း ထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)