ကန့်ဘလူ ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူ လယ်သမားများ နွေစပါးစိုက်ပျိုးရာသီအမီ စိုက်ပျိုးရေများပေးဝေနိုင်ရန်အတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသည် ၂၀၂၂- ၂၀၂၃ ခုနှစ် ရေများအပြည့်အဝ ပေးဝေနိုင်ရန် ရေပေးဝေရေးမြောင်းများ၊ ရေပေးအဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်လျက်ရှိကာ စိုက်ပျိုရေများလုံလောက်စွာ ပေးဝေနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ဌာနအနေနဲ့ ဒေသတွင်းတောင်သူတွေ အချိန်မီစိုက်ပျိုးနိုင်ဖို့၊ ရေများလုံလောက်စွာ ပေးဝေနိုင်ဖို့အတွက် ဘဏ္ဍာနှစ်အလိုက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ မြို့နယ်အတွင်းမှာရှိတဲ့ ကင်းတပ်လက်ဝဲတူးမြောင်းမှ ရေပေးဝေမှုကို မိုးစပါးရေးပေးဝေရာသီ ပြီးဆုံးချိန် ဒီဇင်ဘာ ၁၀ ရက်မှစတင်ကာ နွေစပါးရေ စတင်ပေးဝေမည့် ဖေဖော်ဝါရီ ပထမအပတ်ထိ ရေဖြတ်ကာလ သတ်မှတ်ထားပြီး အဲဒီကာလအတွင်း ရေပေးမြောင်းများ၊ ရေပေးအဆောက်အအုံများ ပြုပြင်မွမ်းမံခြင်း၊ မြောင်းစစ်လမ်းများ၊ မြောင်းပေါင်များပြုပြင်ခြင်း နွေစပါးရေဝေနိုင်မည့်ဧက စိစစ်အတည်ပြုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်” ဟု မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မိုးအောင်က ပြောသည်။
မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နွေ၊ မိုး ရာသီစိုက်ပျိုးရေ ဖူလုံစွာရရှိရေးအတွက် နည်းလမ်းခြောက်သွယ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဆည်မြောင်းတာတမံများ အသစ်တည်ဆောက်ခြင်း၊ ရေဝေရေလဲဧရိယာမှ စီးဆင်းသည့်ရေများအား အပြည့်အဝသိုလှောင်အသုံးချရေး စီမံဆောင်ရွက်ခြင်း၊ တည်ဆောက်ပြီး ဆည်မြောင်းတာတမံများမှဆည်ရေကို ထိရောက်စွာပေးဝေနိုင်ရန်နှင့် ရေပိုမိုသိုလှောင်နိုင်ရန်ပြုပြင်ခြင်း၊ မြစ်ချောင်းများ ရေလျှံချိန်တွင် အင်းအိုင်ချိုင့်ဝှမ်းများအတွင်းသို့ ရေသွင်းသိုလှောင်ထားရှိခြင်း၊ မြစ်ချောင်းမှ ရေစုပ်စက်ဖြင့်စုပ်တင်ခြင်း၊ မြေအောက်ရေကိုထုတ်ယူသုံးစွဲခြင်း နည်းလမ်းများဖြင့် လယ်ယာလုပ်ငန်းခွင်မှာ တောင်သူလယ်သမားများ အကျိုးရှိစွာအသုံးချနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ ကင်းတပ်လက်ဝဲတူးမြောင်း (DO- 5) နှင့် အခြားရေပေးဝေမည့် ဆည်တမံများတွင်လည်း နွေစပါးရေပေးရာသီအမီ ရေအလေအလွင့်မရှိ လုံလောက်စွာ ပေးဝေနိုင်ရေးအတွက် ရေပေးမြောင်း၊ ရေပေးအဆောက်အအုံ ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)