မင်းဘူး ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်သို့ ဘုရားဖူး လာရောက်ကြသူများ သွားလာရေးလွယ်ကူချောမွေ့ အဆင်ပြေစေရန်အတွက် မင်းဘူး-ရွှေစက်တော် ခရီးသည်တင် မော်တော်ယာဉ်လိုင်းကို ဘုရားပွဲတော်ကာလအတွင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီထံမှ သိရသည်။
မန်းရွှေစက်တော် ဘုရားပွဲတော်ကြီး တပို့တွဲလဆန်း ၅ ရက် (ယခုလ ၂၅ ရက်မှ)မှ မြန်မာ နှစ်ဆန်းတစ်ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူများနှင့် ဈေးရောင်း/ဈေးဝယ်များ သွားလာရေးလွယ်ကူချောမွေ့ အဆင်ပြေစေရန် ပွဲတော်ကာလအတွင်း မင်းဘူးမြို့ မြောက်လှည်းကောက် အဝိုင်းပတ်ဂိတ်၌ အောင်မန်းမော်တော်ယာဉ်ငယ်လိုင်းမှ ယခုလ (ဇန်နဝါရီ) ၂၅ ရက်နေ့မှစတင်ကာ နံနက် ၆ နာရီမှ ည ၆ နာရီအချိန်ထိ မင်းဘူး-ရွှေစက်တော်ယာဉ်လိုင်းကို ပြေးဆွဲသွားမည့်အပြင် အဆိုပါယာဉ်လိုင်းမှ မန်းရွှေစက်တော်ဘုရားကြီး၌ တောင်ပေါ်-တောင်အောက် (အတက်-အဆင်း) ခရီးစဉ်ကိုလည်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ယာဉ်လိုင်းပြေးဆွဲရာမှာ အောင်မန်းမော်တော်ယာဉ်ငယ်လိုင်းမှ ၁၂ ယောက်၊ ၁၅ ယောက်ဆံ့ (Starex နှင့် Vongo) ကားအမျိုးအစား မှန်လုံယာဥ်ငယ်များဖြင့် မင်းဘူး-ရွှေစက်တော်ခရီးစဉ်ကို ယာဉ် (၁၀)စီး၊ တောင်ပေါ်-တောင်အောက် (အတက်-အဆင်း) ခရီးစဉ်ကို ယာဉ်အစီး(၂၀)၊ စုစုပေါင်း မော်တော်ယာဉ် အစီးရေ (၃၀)ဖြင့် ပြေးဆွဲးသွားမည်ဖြစ်ပြီး ပွဲတော်ကာလ ယာဉ်အစီးရေ လုံလောက်မှုမရှိပါက ထပ်မံဖြည့်တင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယာဉ်စီးခနှုန်းထားကို စက်သုံးဆီ ဈေးနှုန်းအပေါ် မူတည်၍ သတ်မှတ်ထားကာ ယာဉ်းလိုင်းပြေးဆွဲမည့် အသုံးပြုမော်တော်ယဉ်များ ကြံ့ခိုင်ကောင်းမွန် စေရေး၊ ဘုရားဖူးများ စိတ်အေးချမ်းသာစွာဖူးမြော်နိုင်ရေး၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြေးဆွဲမောင်းနှင်နိုင်စေရေး စစ်ဆေး ကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း” မင်းဘူးခရိုင် ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ် လိုင်းများကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇေယျာကိုကိုက ပြောသည်။
မန်းရွှေစက်တော် ဘုရားပွဲတော်ကာလ ယာဉ်လိုင်းများပြေးဆွဲရာ၌ ယာဉ်စီးခနှုန်းထားများကို မင်းဘူး-ရွှေစက်တော် ခရီးစဉ်တွင် အသွား ၆၀၀၀ ကျပ်၊ အပြန် ၆၀၀၀ ကျပ်နှုန်း၊ တောင်ပေါ်-တောင်အောက် ခရီးစဉ်တွင် အတက် ၁၀၀၀ ကျပ်၊ အဆင်း ၅၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ထားကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)