လွိုင်ကော် ဇန်နဝါရီ ၅
ကယားပြည်နယ် စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်စားသုံးသူရေးရာကော်မတီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်စားသုံးသူရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဦးကြာမြင့်က မြန်မာနိုင်ငံအနေဖြင့် LDC (Least Developed Countries) နိုင်ငံတစ်ခုဖြစ်သည့်အညီ နိုင်ငံပေါင်းစုံမှ တရားမဝင်ဝင်ရောက်လာနိုင်သည့် ကုန်ပစ္စည်းအတု၊ ဆေးဝါးအတု၊ စားသောက်ကုန်အတု၊ လူသုံးကုန်အတုတို့နှင့် ရင်ဆိုင်နေရပြီး အရည်အသွေးမပြည့်မီသည့် ဝန်ဆောင်မှုများကြောင့် စားသုံးသူပြည်သူများအနေဖြင့် အဖက်ဖက်မှ ဆုံးရှုံးနစ်နာမှုများစွာ ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် စားသုံးသူများပါဝင်သော လူ့အဖွဲ့အစည်းတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် အရေးကြီးသည့်အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကို သုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာသည့် စားသုံးသူနစ်နာဆုံးရှုံးမှုလုပ်ငန်းများ ကာကွယ်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အတွင်း စားသုံးသူပြည်သူများ၏ ကျန်းမာရေး၊ စားသုံးသူ ပြည်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က (၁/၂၀၂၃)အစည်းအဝေးတွင် တင်ပြသည့်အမှာစာများ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)