ရေတာရှည် ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားအား နိုင်ငံတော်သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်ဦးမှပညာရေးစုံညီပွဲတော်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းအဆင့်၊ မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသူ၊ ကျောင်းသားများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အဆိုပါ ပညာရေးစုံညီပွဲတော်သို့ မြို့နယ်စီမံအဖွဲ့ဝင်(၁)ဗိုလ်မှူးသန့်ဇင်ဝေနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးဒေါ်ခင်သက်ဦးနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)