ပြည် ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသော (ဒုတိယအကြိမ်မြောက်)ဆေးပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက စေတီတော်ရင်ပြင်မြတ်စွယ်တော်တိုက်၌ ကျင်းပရာအခမ်းအနားသို့ ရွှေဆံတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီး(၉)ပါးအမှူးပြုသော ပြည်မြို့နယ်အတွင်း ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီး/ဆရာလေးများ၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် စေတနာရှင်/အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ချိုးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏သြဝါဒါစရိယ၊ ပြည်မြို့၊ ဝိသုဒ္ဓါရုံဗာရာဏသီကျောင်းတိုက်ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တနာဂဝံသ ဆရာတော်ဘုရားကြီးထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် တာဝန်ရှိသူများက ဩဝါဒါစရိယဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဝိသုဒ္ဓါရုံဗာရာဏသီကျောင်းတိုက်ဆရာတော်ဘုရားကြီးက ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဓနာတရားချီးမြှင့်တော်မူကာ ပြည်မြို့၊ မဟာသုဒဿနာရာမကျောင်းတိုက်မှ စာချဆရာတော်(၂)ပါးတို့က ပဌာန်းသိမ်းအောင်ပွဲအခမ်းအနား ဇေယျမင်္ဂလာအောင်ဂါထာတော်နှင့် နတ်ဗြဟ္မာများပြန်လည်ပို့ဆောင်သည့် ဂါထာတော်တို့ကို ရွတ်ဆိုဆုတောင်းသည်။
ဆက်လက်၍ ဩဝါဒစရိယဆရာတော်ကြီး(၉)ပါးနှင့် ပြည်မြို့နယ်အတွင်းရှိ သီလရှင်ကျောင်းတိုက်(၁၀)တိုက်အပါအဝင် ကျောင်းတိုက်ပေါင်း(၄၉)တိုက်မှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီး/ဆရာလေးများထံ ဆေးပဌာန်းလှူဖွယ်ပစ္စည်းများကို တာဝန်ရှိသူများနှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်