“ဆင်ဖြူရှင်” စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင် စခန်းရှိ အကျဉ်းသား (၂၂) ဦးအား စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်ပြု

တနင်္သာရီ  ဇန်နဝါရီ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်စာအမှတ် (/၂၀၂၃) ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်အမိန့်အရ တနင်္သာရီတိုင်းဒေသကြီး   တနင်္သာရီမြို့နယ်၊  သိန်ခွန်းကျေးရွာအုပ်စု၊ ထုံခါကျေးရွာရှိ  အကျဉ်း ဦးစီးဌာန ဆင်ဖြူရှင်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းမှ ရာဇဝတ်ကျင့် ထုံးဥပဒေ(၄၀၁)၊ ပုဒ်မခွဲ (၁) အရ လွတ်မြောက်ကြမည့် အကျဉ်းသား(၂၂)ဦးတို့အား ပြစ်ဒဏ်များ လျှော့ပေါ့၍ လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းအခမ်းအနားကို  ဇန်နဝါရီလ ၄ ရက်နေ့ (စိန်ရတု လွတ်လပ်ရေးနေ့) မွန်းလွှဲ ၁ နာရီအချိန်က ၎င်းအသက်မွေးမှု အတတ်သင်စခန်း- စခန်း တာဝန်ခံ ရုံးအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

၎င်းလွတ်ငြိမ်းခွင့်ပြုခြင်းအခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ၂၀၂၃ခုနှစ်၊ ဇန်နဝါ ရီလ(၄)ရက်တွင်ကျရောက်သည့် (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်  ပြည် သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေ့ရှုသောအားဖြင့် လည်းကောင်း၊  နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များပါ  ဆက်လက်ကျခံပါမည်ဟူသော ကတိဝန်ခံချက်ရေးထိုးစေပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေ(၄၀၁)၊ ပုဒ်မခွဲ(၁)အရ  ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အကျဉ်းသား(၂၂)ဦး ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းအခမ်းအနားတွင်  အမှတ်(၃) စစ်ဗျူဟာမှူး ဗိုလ်မှူးထက်ဝေယံ၊ ဆင်ဖြူရှင်စခန်းတာဝန်ခံ ဦးစီးအရာရှိ ဦးဇေယျာလင်းနှင့် ဒုတိယ စခန်းတာဝန်ခံ ဒုကြီးကြပ်ရေးမှူး ဦးကောင်းမြတ်အောင်တို့က လွတ်မြောက်အကျဉ်းသား များအား မိမိတို့ရေးထိုးထားသော ကတိဝန်ခံချက်များနှင့်အညီ ပြစ်မှုကျူးလွန်ခြင်းမျိုး မရှိရလေအောင်  မိမိတို့၏နေရပ် အသီးသီးတွင် ရိုးသားစွာလုပ်ကိုင်နေထိုင်ကြရန် ဆုံးမဩဝါဒ စကားများ ပြောကြားပေးကြသည်။

ဆက်လက်၍ လွတ်မြောက်အကျဉ်းသားများအတွက် လွတ်လူစားစရိတ်ကျသင့်ငွေကျပ် (၂၅၀၀၀/-)၊ လွတ်လူခရီးစရိတ်ကျသင့်ငွေ (၁၂၈၄၀/-)၊ လုပ်အားရှင်အကျိုးခံစားခွင့် ကျသင့်ငွေကျပ် (၉၀၈၀၀၀/-)၊  စုစပေါင်း ကျသင့်ငွေ ကျပ် (၁၀,၆၁၂၄၀/-) (၁၀သိန်း ခြောက်သောင်းတစ်ထောင်နှစ်ရာ့လေးဆယ်) တို့နှင့်အတူ လွတ်မြောက်ကြောင်းလက်မှတ်၊ ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံချက်နှင့် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ထိုးနှံထားရှိမှု မှတ်တမ်းများကို  ဆင်ဖြူရှင်စခန်းတာဝန်ခံနှင့် တာဝန်ရှိသူများက တစ်ဦးချင်းထံ ထုတ်ပေး၍ လွှတ်ပေးလိုက်ပြီး နေရပ်အသီသီးသို့ပြန်နိုင်ရန် ရေဖြူကျေးရွာကားဂိတ်သို့ လိုက်လံပို့ဆောင် ပေးခဲ့ကြောင်း စခန်းတာဝန်ခံ ဦးစီးအရာရှိ ဦးဇေယျာလင်းထံမှ သတင်းရရှိသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)