(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ကရင်ပြည်နယ်အတွင်းရှိ အကျဉ်းသား၊ အကျဉ်းသူ (၁၇၀) ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ

ဘားအံ ဇန်နဝါရီ ၅

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အား ဂုဏ်ပြုသောအားဖြင့် ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီးသည့်အပြင် စည်းကမ်း ကောင်းမွန်စွာ နေထိုင်ကြသော အကျဉ်းသား၊ အကျဉ်းသူများအား စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ရာ အကျဉ်းဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ အကျဉ်းသား၊ အကျဉ်းသူ ၁၇၀ ဦး ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ရရှိခဲ့သည်။

ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်များဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဘားအံအကျဉ်းထောင်မှ အကျဉ်းသား (၁၁၄) ဦး၊ အကျဉ်းသူ(၁၆)ဦး၊ လက္ခဏစိုက်ပျိုးမွေး မြူရေးနှင့် အသက်မွေး အတတ်သင်စခန်းမှ အကျဉ်းသား(၂၃)ဦး၊ မာလာဖူးကုန်ထုတ်စခန်းမှ အကျဉ်းသား(၁၇)ဦး စုစုပေါင်း (၁၇၀) ဦး ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လွတ်မြောက်အကျဉ်းသား၊ အကျဉ်းသူများအား အကျဉ်းဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးမျိုးဌေး၊ ဘားအံအကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက် ညွှန်ကြားရေးမှူးဦးမောင်မောင်ဌေးနှင့် တာဝန်ရှိသူများက ဆုံးမဩဝါဒစကားများ ပြောကြားပြီး လွတ်လက်မှတ်နှင့် ခရီးစရိတ်၊ စားစရိတ်များပေးအပ်၍ ကတိခံဝန်ချက်လက်မှတ်ရေးထိုးစေကာ ဇန်နဝါရီလ ၄ ရက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ မွန်းလွဲ ၁ နာရီ ခွဲခန့်တွင် လွတ်ပေးခဲ့ရာ ၎င်းတို့၏ ဆွေမျိုး၊ မိဘ၊ ညီအစ်ကိုမောင်နှမများက ဝမ်းမြောက်ဝမ်းသာ လာရောက် ကြိုဆိုနေ ကြသည်ကိုမြင်တွေ့ခဲ့ရကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)