ကလိန်အောင်မြို့၌ အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

ကလိန်အောင် ဇန်နဝါရီ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ နယ်မြေမီးသတ်စခန်းရှိ ခြင်းကွင်း၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရပ်ကွက်ပေါင်းစုံအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲကျင်းပ ရေးကော်မတီအဖွဲ့ဝင် ဦးကျော်မျိုးထွန်းမှ ဝင်ရောက်ယှဉ်ပြိုင် ကစားကြမည့် အသင်းသားများအား စည်းမျဉ်းစည်းကမ်းချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဗိုလ်လုပွဲတွင် အမှတ် (၃) ရပ်ကွက်အသင်းနှင့် ဇင်းဘာအသင်းတို့မှ ယှ‌ဉ်ပြိုင်ကစားကြရာ ဇင်းဘာအသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။

ပြီးနောက် ဆုပေးပွဲကျင်းပရာ တတိယဆုရရှိသော မိကျောင်းလှောင်းအသင်း၊ ဒုတိယဆု ရရှိသော အမှတ် (၃) ရပ်ကွက်အသင်းနှင့် ပထမဆုရရှိသော ဇင်းဘာအသင်းတို့အား တစ်ဦးချင်းစီ လည်ဆွဲဆုနှင့် ငွေသားဆုကို ကလိန်အောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ နယ်မြေမီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးကျော်မျိုးထွန်း၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံဦးမင်းခိုင်နှင့် တာဝန်ရှိသူများက အသီးသီးဆုပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇန်နဝါရီ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ရပ်ကွက် ပေါင်းစုံ အသင်း (၉) သင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)