မြိတ် ဇန်နဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်း လူဦးရေစာရင်းမြေပြင် ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြေပြင်ရှိနှင့် အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို စနစ်တကျအောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ဇန်နဝါရီ(၅)ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။
မြိတ်မြို့နယ် လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းကို ဇန်နဝါရီလ(၉)ရက်မှ(၃၁)ရက်ထိ ဆောင်ရွက်သွားမည်ဖြစ်ရာ ရပ်ကွက်/ကျေးရွာအုပ်စု(၃၄)ခု၌ စာရင်းကောက်အဖွဲ့ (၁၈၉)ဖွဲ့မှ ပုံစံ(၆၆)နှင့် မြေပြင်ရှိလူဦးရေစာရင်းများကို ရပ်ကွက်/ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း ကောက်ယူသွားကြမည်ဖြစ်သည်။
မြိတ်မြို့နယ်အနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၂၆၂၁၅၁)ဦးရှိပြီး မြေပြင်တွင်ရှိသည့် အိမ်ထောင်စုလူရေဦးစာရင်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရန် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး စနစ်တကျပေါင်းစပ်ပြီး အောင်မြင်အောင်ဆောင်ရွက်ကြရန်နှင့် စာရင်းဇယားကိန်းဂဏန်းများကို တိကျမှန်ကန်စွာ ကောက်ယူနိုင်ရန်အတွက် မြို့နယ်ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်းဖြစ်သည်။
ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးက လုပ်ငန်းဆောင်ရွက်မည့်အစီအမံများ၊ မြို့နယ်ကြီးကြပ်ကော်မတီဝင်များ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ စနစ်တကျဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေက လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များက ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး