ဟုမ္မလင်း ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူး၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးကျန်းမာရေးပြိုင်ပွဲ ကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဒုံစေ့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဟုမ္မလင်း ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ရန်နိုင်ဆွေက ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဦးစီးအရာရှိ ဆရာမ ဒေါ်လှလှခင် ကလေးကျန်းမာရေး ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြိုင်ပွဲတွင် မွေးစမှ(၃)လ၊ မွေးစ( ၃)လမှ ၆ လအရွယ်၊ မွေးစမှ (၉)လ (၁)နှစ်အရွယ် စသည်ဖြင့် ဝင်ရှောက်ယှဥ်ပြိုင်ခဲ့ရာ ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီမှ တာဝန်ရှိသူများက ကလေးငယ်များ၏ အာဟာရဖွံ့ဖြိုးမှုဖြစ်သော ကိုယ်အလေချိန်၊ အရပ်အမြင့် များကိုတိုင်းတာ၍ ကိုယ်အလေးချိန် ကက်ပြားရရှိမှု ရှိ/မရှိစစ်ဆေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေ စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံမှု ရှိ/မရှိစစ်ဆေးခြင်း၊ ကလေးငယ်များ ရွှင်လန်းဖျတ်လတ်မှု ရှိ/မရှိ ဆောင်ရွက်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ဆုရရှိသူများကို ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ရန်နိုင်ဆွေ၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်အသင်းဥက္ကဋ္ဌ ဒေါ်ခင်ပပစိုး၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဒုံစေ့နှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ဟုမ္မလင်း ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ကလေးမွေးဖွားသော မိသားစုဝင်တစ်ဉီးအား ဟုမ္မလင်းမြို့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုလက်ဆောင်များ သွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)