မအူပင်အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား/အကျဉ်းသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပြုသဖြင့် ပြန်လည်စေလွှတ်ခြင်းအခမ်းအနားကျင်းပ

မအူပင် ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်အကျဉ်းထောင်တွင် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှစ်လုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ မအူပင် အကျဉ်းထောင်၌ ပြစ်ဒဏ်ချခံလျက်ရှိသည့် အကျဉ်းသား/အကျဉ်းသူ (၁၂၃)ဦးအား ယမန်နေ့မွန်းလွှဲ (၁) နာရီအချိန်က လွတ်ငြိမ်းချမ်းသာခွင့်ပြုသဖြင့် ပြန်လည်စေလွှတ်မှု အခမ်းအနားကို မအူပင်အကျဉ်းထောင်ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအေးလွင်၊ မအူပင်ခရိုင် အကျဉ်းထောင်မှူး ဦးမျိုးကျော်သူတို့က အကျဉ်းသား၊ အကျဉ်းသူများအား ဆုံးမစကားပြောကြားပြီး လမ်းစရိတ်နှင့် လုပ်အားခများအား ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

မအူပင်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျရသူများအနက်မှ ပုဒ်မ (၅၀၅)နှင့် အခြားတွဲကျ အကျဉ်းသား(၅)ဦး၊ အကျဉ်းသူ(၅)ဦး၊ စုစုပေါင်း (၁၀)ဦးနှင့် ရိုးရိုးအကျဉ်းသား (၁၀၃)ဦး၊ အကျဉ်းသူ (၁၀)ဦး၊ စုစုပေါင်း (၁၁၃)ဦးတို့အား ရာဇဝတ်ထုံးဥပဒေပုဒ်မ (၄၀၁)ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ် ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကို လျှော့ပေါ့၍လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း မအူပင်အကျဉ်းထောင် တာဝန်ရှိသူထံမှ သိရှိရသည်။

ခရိုင်ပြန်/ ဆက်(မအူပင်)