ပခုက္ကူ ဇန်နဝါရီ ၅
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အလံတင်ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း ကျင်းပပြုလုပ်သည်။
ပထမဦးစွာ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အလံတင်အခမ်းအနားကို နံနက် ၄ နာရီ မိနစ်၂၀ အချိန်က ကျင်းပရာ ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အလံအားလွှင့်တင်ကြပြီး ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်တို့ကို အလေးပြုကြသည်။
ယင်းနောက် နံနက် ၇ နာရီအချိန်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ဆက်လက်ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အလံအားအလေးပြုကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သဝဏ်လွှာကို ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က ဖတ်ကြားသည်။
ဆက်လက်၍ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ သင်တန်းသူများက Myanmar Physical Fitness Dance အကဖြင့်ဖျော်ဖြေခြင်း၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့်ပြည်နယ်ပေါင်းစုံဘောလုံးပြိုင်ပွဲတွင် ရှေ့တန်းအကောင်းဆုံးဆုရရှိသည့် အားကစားသမားမောင်ဝင်းပြည့်မောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဂေါက်သီး ရိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မကွေးတိုင်းဒေသကြီးကိုယ်စားပြု အားကစားသမား မောင်တင်လင်းကိုတို့နှင့် မြို့နယ်အဆင့်စာစီစာကုံးနှင့် အားကစားပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)