ဝေါ ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားကွင်း၌ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် လွတ်လပ်ရေးနေ့ကို မမေ့အပ်စေရန်နှင့် ကျောင်းတွင်း စာပေသင်ကြားရေးသာမက ကာယဉာဏစာရိတ္တ၊ ရသစသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်သော အနာဂတ်မျိုးဆက်သစ်များ မွေးထုတ်ပေးရာဖြစ်သည့် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ အားကစားပြိုင်ပွဲများတွင် အားကစားစိတ်ဓာတ်အပြည့်ဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်သည့် အကျိုးကျေးဇူးများရရှိစေရန်ရည်ရွယ်ချက်ဖြင့် ယမန်နေ့နံနက် ၉ နာရီက အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲကို ဇန်နဝါရီလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပရာတွင် မြို့ပေါ်ရှိ အခြေခံပညာကျောင်းမှ မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ အားကစားဝါသနာရှင်များ အပြေးပြိုင်ပွဲ၊ ပြေးခုံပစ်၊ အာလူးကောက်၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲနှင့်အခြားအားကစားနည်း(၁၂)မျိုးကို အတန်းလိုက်ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား လွတ်လပ်ရေးနေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အားကစားပြိုင်ပွဲများအား မြို့နယ်အား/ကာဦးစီးမှူး ဦးအောင်လင်းနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ လာရောက်အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)