ပန်းတောင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာပေပြိုင်ပွဲ(စာစီစာကုံး၊ ကဗျာ၊ ဉာဏ်စမ်းပဟေဋိ)ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပန်းတောင်း ဇန်နဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ (စာစီစာကုံး၊ ကဗျာ၊ ဉာဏ်စမ်းပဟေဋိ) ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့မစာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့မစာကြည့်တိုက် ဂုဏ်ထူးဆောင်နာယက ဆရာကြီးဦးတင်ထွဋ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာစီစာကုံးပြိုင်ပွဲ စာတည်းအဖွဲ့ခေါင်းဆောင် ဦးတင်လှိုင်၊ ကဗျာပြိုင်ပွဲ စာတည်းအဖွဲ့ခေါင်းဆောင် ကိုကြီး(ပန်းတောင်း)၊ ဉာဏ်စမ်းပဟေဋိစာတည်းအဖွဲ့ခေါင်းဆောင် ဦးသက်နိုင်ဦးတို့မှ စာပေပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုများနှင့် ပတ်သက်၍ သုံးသပ်ချက်များကို ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကိုကြေငြာ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရန်လင်းအောင်၊ ဌာနဆိုင်ရာအကြီးအကဲများမှဆုများ အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။ ထို့နောက်ဆုရရှိသူများကိုယ်စား မောင်ရဲဘုဏ်းသစ် အ.ထ.က(ဂုံညှင်းတန်း)က ကျေးဇူးတင်စကားပြောကြားကာ အ.ထ.က(ပန်းတောင်း)မှ ကျောင်းသားကျောင်းသူများက We are one တေးသီချင်းဖြင့် ဂုဏ်ပြုနှုတ်ဆက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရမှ ဖျော်ဖြေသီဆိုကြသော ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)