ပေါင်းတည်အချုပ်ထောင်မှ အကျဉ်းသား အကျဉ်းသူ ၈၂ ဦးအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပြု

ပေါင်းတည် ဇန်နဝါရီ ၅

ပဲခူးတိုင်းဒေသကြီးရှိ ပေါင်းတည်အချုပ်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူ၈၂ ဦးအား ၇၅ နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ယမန်နေ့ နံနက်ပိုင်းနှင့် နေ့လည်ပိုင်းတို့တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြကြောင်း သိရသည်။

(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၄၀၁)၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ( ၁/ ၂၀၂၃ )အရ ပေါင်းတည် အကျဉ်း​ထောင်၌ အပြစ်ဒဏ် ၁နှစ်အောက် ကျန်ရှိ အကျဉ်းသား ၇၀ ဦးနှင့် အကျဉ်းသူ ၇ ဦးအား နံနက်ပိုင်းတွင်လည်းကောင်း၊ အမိန့်အမှတ (၂/ ၂၀၂၃)အရ အပြစ်ဒဏ် ၆လအောက်ကျန်ရှိ အကျဉ်းသား ၄ဦးနှင့် အကျဉ်းသူ ၁ဦးကိုလည်းကောင်း၊ စုစုပေါင်း အကျဉ်းသား အကျဉ်းသူ၈၂ ဦးတို့ကို အသီးသီလွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ကြောင်း ပေါင်းတည်အကျဉ်းဦးစီးဌာနမှ သိရသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူများအား ဥပဒေပုဒ်မ စည်းကမ်းသတ်မှတ်ချက်များကို ဖောက်ဖျက်ကာနောက်ထပ် ပြစ်မှုမကျူးလွန်ကြရန်၊ ကျူးလွန်ပါက ယခုကျန်ရှိသည့်ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဖြစ်ကြောင်း၊ ဥပဒေဘောင်အတွင်း အေးချမ်းစွာ နေထိုင်သွားကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မြင့်ဇော်နိုင်နှင့် ပေါင်းတည်အကျဉ်းဦးစီးဌာန တာဝန်ခံဦးဝင်းမြင့်တို့က သတိပေး၊ ဆုံးမစကား အသီးသီးပြောကြားပြီးနောက် နေရပ်အသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

သူရကြီး ( ပြန်/ ဆက် )