ပွင့်ဖြူမြို့နယ်၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်

ပွင့်ဖြူ ဇန်နဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရာတွင် ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ထည့်သွင်းကျင်းပသည့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲနှင့် အခြားပျော်ရွှင်စရာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် လူငယ်မောင်မယ်များနှင့် ကျောင်းသား၊ ကျောင်းသူများကို မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အားကစားပြိုင်ပွဲများ စီစဉ်ကျင်းပပြုလုပ်ပေးခြင်းသည် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေခြင်းနှင့် ဉာဏ်ရည်ဉာဏ်သွေးများထက်မြက်စေခြင်းကို ရရှိစေနိုင်မှာဖြစ်ကြောင်း၊ အားကစားနည်းများအလိုက် နည်းစနစ်မှန်ကန်စွာ လေ့ကျင့်ကစားနိုင်ခြင်းကြောင့် ထူးချွန်ထက်မြက်သော အားကစားသမားများအဖြစ် ရရှိစေနိုင်မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ အိတ်စွပ်အပြေးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ခြေပူးအပြေးပြိုင်ပွဲ စသည့် ကွင်းတွင်းအားကစားပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများကို ဂုဏ်ပြုငွေနှင့် ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။    

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)