မေတ္တာ၊ စက်တင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ တောင်သုံးလုံးကျေးရွာဓမ္မာရုံ၌ ယမန်နေ့နံနက် ၉ နာရီ က ထားဝယ်မြို့နယ်ကော်မရှင်အဖွဲ့နှင့် ကလျာဏမိတ္တပရဟိတဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ပထမအကြိမ်မဲပေးမည့် လူငယ်များအား ပြည်သူ့နီတိနှင့် ဆန္ဒမဲပေးပုံအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ထားဝယ်မြိုနယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးလွင်အဖွင့်အမှာစကား ပြောကြားပြီး ကလျာဏမိတ္တပရဟိတဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးအောင်သူရလင်းက ပထမအကြိမ် မဲပေးမည့်လူငယ်များအား ပြည်သူ့နီတိနှင့်နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံ၊ လွှတ်တော်အဆင့်ဆင့် ရွေးချယ်တင်မြှောက်မှု၊ မဲပေးခြင်းဆိုင်ရာအသိပညာပေးခြင်း၊ မဲစာရင်းကြည့်ရှုခြင်း၊ ပယ်မဲ၊ ခိုင်လုံမဲ၊ ကြိုတင်မဲ၊ ကိုဗစ်-၁၉ ကာလအတွင်း လက်တွေ့သရုပ်ပြမဲပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာများ အသိပညာပေးပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးခြင်း တက်ရောက်လာကြသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ကြကြောင်း သိရသည်။
ရန်နောင်စိုး(မေတ္တာပြန်/ဆက်)