အင်္ဂပူ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၇) နာရီက လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ကျင်းပခဲ့သည်။
ရှေ့ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ ဖတ်ကြားပါသည်။
ထို့နောက် မြို့နယ်အဆင့် ပါဝင်ယှဉ်ပြိုင်သော အခြေခံပညာကျောင်းများမှ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ပိုက်ကျော်ခြင်း၊ ဖူဆယ်ဘောလုံး အသင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်သန္တာဌေးနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား ၃၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော် (ပြန်/ဆက်)