ကသာ ဇန်နဝါရီ ၅
၂၀၂၃ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝှမ်း ပြစ်ဒဏ်ကျခံနေရသူများအား နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့်များ ခွင့်ပြုပေးလျက်ရှိရာ ကသာမြို့အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူများအနက် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း (၃၄) ဦးကို ယမန်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။
လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများအား ကျင့်၄၀၁ (၁) အရ လွတ်ငြိမ်းသက်သာခွင့် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါအကျဉ်းထောင်ရှိ ဧရာရန်အောင် ဧည့်ရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီးမိုးသူ၊ ဒုတိယရဲမှူးကြီး အောင်လှိုင်မြင့်၊ ကသာအကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်တို့က လွတ်ငြိမ်းချမ်းသာခွင့် ရရှိကြသူများအား ဆုံးမဩဝါဒစကား အသီးသီးပြောကြားပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့် ကတ်ပြားနှင့် ခရီးစရိတ်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ကသာအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူ အမျိုးသား (၂၅) ဦး၊ အမျိုးသမီး (၉) ဦး စုစုပေါင်း (၃၄) ဦး ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)