ကော့ကရိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကော့ကရိတ်၊ စက်တင်ဘာ ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနုဦးဆောင်၍ မြို့နယ် ကိုဗစ် - ၁၉ ကြီးကြပ်ရေး ကော်မတီ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သဟဇာတ လူငယ်အဖွဲ့များ၊ စေတနာ့ဝန်ထမ်းလူငယ်များပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့် ညီညွတ်သော နှာခေါင်းစည်းများ အခမဲ့တပ်ဆင်ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်းများကို စနစ်တကျအသုံးပြုရေး၊ လက်သန့်ဆေးရည် များဖြန်းပေးခြင်းနှင့် အိမ်အပြင်ထွက်ပါက နှာခေါင်းစည်းများတပ်ဆင်ပြီးမှ သွားလာကြရန်၊ ရောဂါမကူးစက်အောင် ရှောင်ရန်/ ဆောင်ရန်များနှင့် ကိုဗစ် - ၁၉ အသိပညာပေးတေးသီးချင်းများဖွင့်လှစ်၍  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများကို ကော့ကရိတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်စောင့်ကြည့်ရေးကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်လူငယ်များ၊ သဟဇာတအဖွဲ့ဝင်လူငယ်များပူးပေါင်း၍ မြို့နယ်အတွင်းရှိ လူစည်ကားသော ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်ရှိ မီးပွိုင့်လမ်းဆုံ၊ မြို့မဈေးကြီးရှေ့၊ ဇိနသုခဘုရားကြီးရှေ့တို့တွင် မြို့ပေါ်စေတနာအလှူရှင်များမှ လှူဒါန်းသော Mask များ ဝေငှခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျော်စိုးလွင်၊ (ခရိုင် - ပြန်/ဆက်)