ဘုတ်ပြင်း ဇန်နဝါရီ ၅
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဖလား အမျိုးသားသုံးဦးတွဲ ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ် မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဗိုလ်လုပွဲတွင် Bokpyin Club(1) အသင်းနှင့် Bokpyin Club(2) အသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားကြရာ ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်ဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပွဲစဉ်တစ်လျှောက်အကောင်း ဆုံးအားကစား သမားဆုရရှိသည့် အားကစားသမား ဝိုင်းချစ်အား မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးစံမွှေးက လည်းကောင်း၊ တတိယဆုရရှိသည့် Bokpyin Club(4) အသင်းအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမင်းစိုးက တစ်ဦးချင်းလည်ဆွဲဆုနှင့်ငွေသားဆုများကိုလည်းကောင်း ဒုတိယဆုရရှိသည့် Bokpyin Club(1) အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလှကြိုင်က တစ်ဦးချင်းလည်ဆွဲဆုနှင့် ငွေသားဆုများ ကိုလည်းကောင်း၊ ပထမဆုရရှိသည့် Bokpyin Club(၂) အသင်းအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်အောင်က တစ်ဦးချင်းလည်ဆွဲဆုနှင့် ငွေသားဆုများ ကိုလည်းကောင်းပေးအပ်ခဲ့ပြီး ပထမဆုရရှိသည့် အသင်းအား တံခွန်စိုက်ဆုဖလားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)