မိုးညှင်း ဇန်နဝါရီ ၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ မြန်မာနိုင်ငံတွင် အကြီးဆုံးကုန်းတွင်းရေချို အိုင်ကြီးဖြစ်သည့် အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ဒီဇင်ဘာလအတွင်း ဆောင်းခိုငှက်မျိုးစိတ်များနှင့် ဒေသရေပျော်ငှက်မျိုးစိတ်များ စုစုပေါင်း (၅၄) မျိုး၊ အကောင်ရေ (၂၃၀၆၈) ကောင် စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
အင်းတော်ကြီးအိုင်သည် နှစ်စဉ်ဆောင်းရာသီ ပွင့်လင်းရာသီသို့ ရောက်ရှိလာတိုင်း အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဆောင်းခိုငှက်မျိုးစိတ်များနှင့် ဒေသရေပျော်ငှက်မျိုးစိတ်များသည် ကျင်လည်ကျက်စားလျက်ရှိကြပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း စာရင်းကောက်ယူချက်အရ ဆောင်းခိုရေပျော်ငှက်မျိုးစိတ် (၃၄) မျိုး၊ အကောင်ရေ (၁၆၃၇၈) ကောင်နှင့် ဒေသရေပျော်ငှက်မျိုးစိတ် (၂၀) မျိုး၊ အကောင်ရေ (၆၆၉၀) ကောင် စုစုပေါင်းအကောင်ရေ (၂၃၀၆၈) ကောင်ကို တာဝန်ရှိသူများက စာရင်းကောက် လမ်းကြောင်းများအတိုင်း တစ်ရက်လျှင်အဖွဲ့နှစ်ဖွဲ့စီခွဲ၍ ၎င်းအိုင်အတွင်းနှင့် ဆက်စပ်ချောင်းများတွင် စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငှက်မျိုးစိတ်များသည် ဒီဇင်ဘာလတွင်တွေ့ရှိရသည့် ဆောင်းခိုရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသရေပျော်ငှက်မျိုးစိတ်များသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဆောင်းခိုရေပျော်ငှက်မျိုးစိတ် (၁) မျိုးနှင့် အကောင်ရေ (၃၄၀၀) ကျော် လျော့နည်းလျက်ရှိကြောင်း၊ ယင်းငှက်မျိုးစိတ်များ အများဆုံးကျက်စားလေ့ရှိသည့် ငှက်စာရင်းကောက် လမ်းကြောင်းတစ်ခုဖြစ်သော အင်းတော်ချောင်းအတွင်း စက်လှေဖြင့်ငှက်စာရင်းများ ကောက်ယူရာ၌ ရေမှော်နှင့်ဒိုက်များ ပိတ်မိနေခြင်းကြောင့် သွားလာရာတွင် အခက်အခဲများရှိနေခြင်းနှင့် ကိုင်းတောများ ထူထပ်နေခြင်းတို့ကြောင့် ငှက်မျိုးစိတ်များကို မြင်တွေ့နိုင်ရန်နှင့် အကောင်ရေများ ရေတွက်ရာတွင်ခက်ခဲလှသဖြင့် ငှက်မျိုးစိတ်နှင့်အကောင်ရေများ မှတ်တမ်းတင်ရာတွင် ယခင်နှစ်ထက် လျော့နည်းလျက်ရှိကြောင်း သိရသည်။
အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ အများဆုံးတွေ့ရှိရသည့် ဆောင်းခိုရေပျော်ငှက်မျိုးစိတ်များမှာ ရေကြက်ဒုံ၊ ဘဲဖြူနက်၊ တောငန်း၊ ခရုစုပ်အနက်၊ ကြိုးကြာခေါင်းမဲ၊ စင်ရော်ခေါင်းညို၊ စင်ရော်ခေါင်းမဲ၊ ဘဲနီစပ်၊ ဘဲကျားလေး၊ ဘဲဟင်္သာနှင့်ပို့ချပ်ဘဲ စသည်တို့တွေ့ရှိရပြီး ရေပျော်ငှက်မျိုးစိတ်များ စာရင်းကောက်ယူခြင်းကို အင်းတော်ကြီးအိုင်၏ အရှေ့ဘက်လမ်းကြောင်းတွင်လည်းကောင်း၊ အနောက်ဘက်လမ်းကြောင်းတွင်လည်းကောင်း၊ အင်းတော်ချောင်းတစ်လျှောက် ချောင်းဘေးဝဲ/ယာနှင့် ဆက်စပ်ရေဝပ်ဒေသများရှိ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယခုလတွင် ဆောင်းခိုရေပျော်ငှက်မျိုးစိတ်နှင့် ဒေသရေပျော်ငှက်မျိုးစိတ် (၅၄) မျိုး၊ အကောင်ရေ (၂၃၀၆၈) ကောင်ကို ကွင်းဆင်းစာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံ၏အလှဆုံးနှင့် အကြီးဆုံးကုန်းတွင်း ရေချိုအိုင်ကြီးဖြစ်၍ အရှေ့တောင်အာရှတွင် တတိယအကြီးဆုံးအိုင်လည်းဖြစ်ကာ နို့တိုက်သတ္တဝါမျိုးစိတ် (၄၇) မျိုး၊ ကုန်နေရေနေနှင့် တွားသွားသတ္တဝါမျိုးစိတ် (၉၁) မျိုး၊ ငါးမျိုးစိတ် (၉၄) မျိုး၊ ရေပျော်ငှက်မျိုးစိတ် (၁၀၅) မျိုးနှင့် သစ်တောငှက်မျိုးစိတ် (၄၀၀) တို့ နေထိုင်ကျက်စားလျက်ရှိကြောင်း အင်းတော်ကြီးဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများကို အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းရှိ အရေးကြီးရေဝပ်ဒေသအဖြစ် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်တွင် သတ်မှတ်ခဲ့ပြီး၊ ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျဉ်အဖြစ်လည်းကောင်း၊ ၂၀၁၆ခုနှစ်တွင် ကမ္ဘာ့အဆင့်ရမ်ဆာရေဝပ်ဒေသအဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ဇီဝအဝန်းနယ်မြေအဖြစ်လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် Wetland Link Asia – Wli Asia အဖြစ်လည်ကောင်း အသီးသီးသတ်မှတ်ခံခဲ့ရသော တော်ဝင်အင်းကြီးလည်းဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း