စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးဆိုင်များ အချိန်အကန့်အသတ်ဖြင့် ရောင်းချခြင်းရှိ/မရှိ လိုက်လံစစ်ဆေး

ဟင်္သာတ စက်တင်ဘာ ၂၃

ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးကြီးများနှင့်  လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များအား သတ်မှတ်ထား သည့် အချိန်အကန့်အသတ်ဖြင့် ရောင်းချနေမှု ရှိ/မရှိတို့ကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့များက လိုက်လံစစ် ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ ဈေးကြီးများတွင် အခြေခံစားသောက်ကုန် ပစ္စည်းများနှင့် ဆေးဝါးရောင်းချ သည့်ဆိုင်များအား နေ့စဉ်နံနက်(၆)နာရီမှ နေ့လယ်(၂)နာရီအထိ ရောင်းချရန်နှင့် ကျန်ရှိသည့်ဆိုင်များကို ယာယီ ပိတ်သိမ်းထားရန်၊  လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များဖြစ်သည့် ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ ကုန်ခြောက်ဆိုင်များ၊ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များ၊ ပုဂ္ဂလိက အိမ်ဆိုင်များ၊ ဌာနဆိုင်ရာ သက်သာဈေးဆိုင်ခန်းများ၊ ဘုရားဈေးဆိုင် ခန်းများအား နေ့စဉ် နံနက် (၆) နာရီမှ နေ့လယ် (၂) နာရီအထိ ရောင်းချခြင်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိတို့ကို  လိုက်လံ စစ်ဆေးခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် ပုဂ္ဂလိက ဆေးဝါးအရောင်းဆိုင်များကို နေ့စဉ် နံနက် (၆)နာရီမှ ည (၈) နာရီအထိသာ ရောင်းချသွားရန် ထုတ်ပြန်ကြေငြာထားပြီး အဆိုပါ သတ်မှတ်ချိန်အတိုင်း ဈေးရောင်းချခွင့်ရှိသည့် ဆိုင်များအနေဖြင့် အောက်တိုဘာ (၁)ရက်နေ့အထိ အလေးထား လိုက်နာဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိသူများကို တည်ဆဲ ဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတာဝန်ရှိသူများထံက သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)