ကော့သောင်း ဇန်နဝါရီ ၄
၂၀၂၃ ခုနှစ်၊ ကော့သောင်းခရိုင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖူဆယ်၊ ထုတ်ဆီးထိုး၊ ရိုးရာခြင်းလုံးနှင့် စားပွဲတင်တင်းနစ် ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းက ကော့သောင်းခရိုင် အားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။
၂၀၂၃ ခုနှစ်၊ ကော့သောင်းခရိုင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖူဆယ်၊ ထုတ်ဆီးထိုး၊ ရိုးရာခြင်းလုံးနှင့် စားပွဲတင်တင်းနစ် ပြိုင်ပွဲအဖြစ် ဇန်နဝါရီလ ၁ ရက်နေမှစတင်၍ သက်ဆိုင်ရာ အားကစားကွင်းများတွင် သီးခြားစီ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပြီး ယနေ့ဇန်နဝါရီလ ၃ ရက်နေ့တွင် ဌာနဆိုင်ရာ ပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အား/ကာ+ မီးသတ်အသင်းနှင့် စားသုံးသူ+မွေးကု+ စီမံကိန်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အား/ကာ+မီးသတ်အသင်းက အနိုင်ရဗိုလ်ဆွဲခဲ့သည်။
ယင်းနောက် အားကစားပြိုင်ပွဲအသီးသီးအတွက် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ ကော့သောင်းမြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာနနှင့် ဌာနဆိုင်ရာတို့မှ တာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယဆုရရှိသည့် အသင်းများအား လည်ဆွဲဆု၊ ဆုဖလားနှင့်ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်စိုး(ကော့သောင်း)