ပဲခူး ဇန်နဝါရီ ၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရား အလှူတော် တတိယည ဓမ္မသဘင်ပွဲကို ယမန်နေ့ညပိုင်းက ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားကွင်း၌ ဆက်လက် ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲအား ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ ညစဉ် ၇ နာရီမှ စတင်၍ သုံးညတိုင်တိုင် ကျင်းပလျက်ရှိရာ ဇန်နဝါရီ ၃ ရက် တတိယနေ့ နောက်ဆုံးည ဓမ္မသဘင်တွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ် စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက သာသနဓဇဓမ္မာစရိယ၊ မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသုန္ဒရ အရှင်သူမြတ်က “အာဟာရပစ္စည်းပဌာန်းဒေသနာတော်” တရားခေါင်းစဉ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကို ဟောကြားတော်မူခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်သစ်ကူးတရား အလှူတော်ဓမ္မသဘင်ပွဲသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အသီးသီးရှိ ဓမ္မမိတ်ဆွေ သူတော်စင်များ လာရောက်တရားတော်နာယူကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဖွယ်ပစ္စည်းများနှင့် ဓမ္မပူဇာ အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်