ဇလွန် ဇန်နဝါရီ ၄
ဧရာ၀တီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် စာပေဗိမာန်ကဗျာပေါင်းချုပ် စာမူဆုရ စာရေးဆရာများအား ဂုဏ်ပြုပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဇလွန်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်(ဇလွန်မောင်ပြေငြိမ်း) က ဂုဏ်ပြုချီးမြှင့်ထိုက်သူများကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတရားနှင့်အညီ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခြင်းဖြစ်ကြောင်း၊ မိမိတို့စာရေးဆရာများသည် စာပေဖြင့် လူ့လောကကို တိုးတက်အောင် ဖန်တီးထုဆစ်ကြသူများဖြစ်ကြောင်း၊ မိမိတို့စာရေးဆရာများက လူငယ်လူရွယ်နှင့် ပြည်သူများ အတွက် စာပေဗဟုသုတအသိအမြင်၊ လောက၊ ဘဝအသိအမြင်တို့ကို အမှန်အတိုင်းသိမြင်တွေးခေါ် ဖန်တီးနိုင်အောင်စာပေဖြင့် ကြိုးစားဆောင်ရွက်သွားကြရန် ဂုဏ်ပြုပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက စာပေဗိမာန်ကဗျာပေါင်းချုပ် စာမူဆုရ စာရေးဆရာများအား ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး စာပေဗိမာန် ကဗျာပေါင်းချုပ် စာမူဆုရဇလွန်ကျော်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)