စစ်ကိုင်း ဇန်နဝါရီ ၄
စစ်ကိုင်းမြို့တွင် (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော် အလံတင် အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက်(၄)နာရီ၊ မိနစ်(၂၀)က စစ်ကိုင်းမြို့ ရွှေမင်းဝံ ပန်းခြံအတွင်း ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်ကိုင်းခရိုင်/မြို့နယ်ဂုဏ်ပြုရဲတပ်ဖွဲ့မှ ဦးဆောင်၍ နိုင်ငံတော်အလံကို တိုင်ထိပ်သို့လွှင့်ထူကြပြီး တက်ရောက်လာကြသည့် စစ်ကိုင်းခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များက နိုင်ငံတော်အလံအား အလေးပြုကြပြီး ကျဆုံးလေပြီးသော ရဲဘော်အပေါင်းနှင့် ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။
ဆက်လက်၍ နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ပွဲကို စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံမှ ပေးပို့သော (၇၅)နှစ် မြောက်၊ စိန်ရတု လွတ်လပ်ရေးနေ့ သဝဏ်လွှာကို စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က ဖတ်ကြားပေးခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၁- ၂၀၂၂ မီနီဘဏ္ဍာရေးနှစ် အတွက် ပြည်နယ်/ တိုင်းဒေသကြီးနှင့် ခရိုင်ရုံးများဖြင့် ဝင်ငွေလျာထားချက်အပေါ် ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့အာမခံလုပ်ငန်း၊ စစ်ကိုင်းခရိုင်ရုံးခွဲမှ ဘက်စုံထူးချွန်ဆုနှင့် ဝန်ထမ်းဦးရေနှင့် ဝင်ငွေအချိုး အများဆုံးဆု(၂)ဆုရရှိခဲ့သည့် စစ်ကိုင်းခရိုင်၊ မြန်မာ့အာမခံလုပ်ငန်း၊ ခရိုင်တာဝန်ခံ ဒေါ်နီလာလွင်နှင့် (၇၅)နှစ်မြောက်၊ စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီ၊ ဆောင်းပါး၊ စာစီစာကုံးနှင့် ကာတွန်း ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ် ခဲ့ကြသည်။
ထို့နောက် စစ်ကိုင်းခရိုင်/မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား/သူ လေးများအား ပျော်ပွဲ/ရွှင်ပွဲ အားကစားပြိုင်ပွဲများ ကျင်းပပေးပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်