ဆင်ပေါင်ဝဲ ဇန်နဝါရီ ၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားကို ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို နံနက် ၇ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသူ များက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ခေါင်းဆောင်များနှင့် ရဲဘော်အပေါင်းအား အလေးပြုခဲ့ကြသည်။
ဆက်လက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ၂၀၂၃-ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်က ဖတ်ကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူများအား ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)