(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ

ကော့ကရိတ် ဇန်နဝါရီ ၄

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့ကရိတ်ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ကျင်းပရာ နိုင်ငံတော်အလံကို ဂုဏ်ပြုတပ်ဖွဲ့များက  အလံတင်စစ်ခရာ မှုတ်၍ တိုင်ထိပ်သို့လွှင့်တင်ပြီး ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများတို့က အလံတင်အဖွဲ့နှင့်အတူ နိုင်ငံတော်အလံကို အလေးပြုကြသည်။

ထို့နောက် နံနက် ၇ နာရီအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော   လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေ ကဖတ်ကြားသည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ပြန်ဆက်ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)