အိမ်မဲမြို့နယ်တွင်ကျေးရွာ (၆)ရွာအား ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်

အိမ်မဲ ဇန်နဝါရီ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူးရုံးခန်း၌ ကျေးရွာ (၆)အား ၂၀၂၂- ၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီတွင်ကျင်းပသည်။

အခမ်းအနားတွင် မြောင်းမြခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက ပေးအပ်လိုက်သော ရန်ပုံငွေများကို (ဆီထွက်သီးနှံ)ဖြစ်သော နေကြာကို အောင်မြင်အောင် စိုက်ပျိုးကြရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတို့တက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများအား ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက ကျေးရွာများက နေကြာသီးနှံကို ဧကပြည့်မှီအောင်စိုက်ပျိုးကြရန်နှင့် အောင်မြင်အောင်စိုက်ပျိုးကြရန်တို့ကို ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်ပြီးမြောင်းမြခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးစတင်မျိုးလွင်၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမောင်မျိုးနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သီတာညိန်း တို့က ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ဆောင်ရွက်မည့် ညောင်ငူကျေးရွာ၊ မာလကာကုန်းကျေးရွာ၊ကံစုကျေးရွာ၊ တာကုန်းအရှေ့ကျေးရွာ၊ ကျုံသွပ်ဖျားကျေးရွာ၊ ဥယျာဥ်စုကျေးရွာတို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကြီးကြပ်ရေးဥက္ကဋ္ဌတို့အား တစ်ရွာလျှင် ကျပ်သိန်း(၁၀၀) ၊ စုစုပေါင်းကျပ်သိန်း (၆၀၀)ကို လွှဲပြောင်းပေးအပ်ခဲ့သည်။

အိမ်မဲမြို့နယ်အတွင်းဆီထွက်သီးနှံဖြစ်သော နေကြာကို စိုက်ဧက (၃၂၆၂)ဧကစိုက်ပျိုးရမည်ဖြစ် ပြီး တောင်သူများက ဧကပြည့်မီစွာ စိုက်ပျိုးရေးနှင့် အထွက်နှုန်း ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)