ထားဝယ် ဇန်နဝါရီ ၃
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ပြိုင်ပွဲအမျိုးအလိုက် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ကျင်းပသည်။
ရှေးဦးစွာဗိုလ်လုပွဲသို့ တက်ရောက်လာသော ထားဝယ်မြို့နယ်အသင်းနှင့် ပုလောမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစား နေမှုကိုတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ ထားဝယ်မြို့နယ်အသင်းက (၃)ဂိုး(၁)ဂိုးဖြင့်အနိုင်ရရှိသည်။
ထိုနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကိုဆက်လက်ကျင်းပရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက်ကူညီ ဆောင်ရွက်ပေးသောကြက်ခြေတပ်ဖွဲ့အား လည်းကောင်း၊ အမျိုးသား/အမျိုးသမီး အလေးမပြိုင်ပွဲ၊ တင်းနစ်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများအားလည်းကောင်း ဆုများ ချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍တိုင်းဒေသကြီး ဥပဒေချုပ်ဦးအုန်းသန်းက ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲတွင်(ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိ သူများအားလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော်က ထုတ်ဆီးတိုးပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများအား လည်းကောင်း တစ်ဦးချင်းဆုနှင့်ငွေသားဆုပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက ဖူဆယ်ဘော်လုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ပုလောမြို့နယ်အသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုပေးအပ်ချီးမြှင့်ပြီး ပထမဆုရရှိသော ထားဝယ်မြို့နယ်အသင်းအား တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)