မင်းဘူး ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပရန် ပြင်ထားရှိမှု အခြေအနေများကို မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့စစ်ဆေးရာတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးတင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် စစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူများက မန်းရွှေစက်တော်ဘုရားသွားရာ လမ်းတစ်လျောက် ယာဉ်/လမ်းအန္တရာယ် ကင်းဝေးစေရေး လမ်းညွှန်အမှတ်အသားများ စိုက်ထူထားရှိမှု၊ ရွှေစက်တော်အဝင် မုဒ်ဦး ဆေးသုတ်ထားရှိမှု၊ ဘုရားအဝင် (၃)မိုင်းလမ်းတစ်လျောက် ကတ္တရာထပ်ပိုးလွှာခင်းကျင်းနေမှု၊ Box Culvert တံတားနှစ်စင်း ဆောက်လုပ်နေမှု၊ လှေတင်တံတားအဝင် ဆိုင်ခန်းများအား တံတားလုံခြုံရေးအတွက် တံတာနှင့် ပေ(၃၀၀) အကွာတွင် ဆောက်လုပ်ခွင့်ပြုစေရေး၊ လုံခြုံရေး ရဲကင်းများ နေရာချထားမည့် နေရာများ၊ ဘုရားပွဲတော် ကာလမန်းချောင်းရေ လွှတ်ထားရှိမှုနှင့် မန်းချောင်းပြုပြင်ထားရှိမှု၊ ရေနက်နေရာများ သတ်မှတ်ထားရှိမှု၊ မန်းချောင်းအတွင်း တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်နေမှု၊ နဂါးအိုင် ရေဝင်ရေထွက် ပြင်ဆင်ထားရှိမှု၊ အောက်စက်တော်ရာ မန်းချောင်းကူး ဘေလီတံတား တည်ဆောက်ပြီးစီးမှု၊ အထက် စက်တော်ရာ၊ အောက်စက်တော်ရာနှင့် ဖွင့်ပွဲကျင်းပပြုလုပ်မည့် နေရာများကို ကြည့်ရှုစစ်ဆေးပြီး ဘုရားပရဝုဏ်အတွင်း တည်ဆောက်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဘုရားပွဲတော်ရက်မတိုင်မီ အပြီးဆောင်ရွက်သွားရန် မှာကြားဆောင်ရွက် ခဲ့သည်။
မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို တပို့တွဲလဆန်း (၅)ရက် (ဇန်နဝါရီလ ၂၅ ရက်)မှ မြန်မာနှစ်ဆန်း (၁)ရက်နေ့အထိ ရက်ပေါင်း(၈၀)ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တည်းခိုဆောင်ပေါင်း အလုံး(၁၀၀၀)ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း (၅၀၀)ကျော် ဆောက်လုပ်ခွင့်ပြုထားကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)