ကလိန်အောင်မြို့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် ကျောင်းတွင်း အားကစားပြိုင်ပွဲများ ကျင်းပ   ​

ကလိန်အောင် ဇန်နဝါရီလ ၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းရှိ အားကစားကွင်း၌ ယနေ့နံနက် ၁၀ နာရီက၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်​နေ့တွင် ကျ​ရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောဂုဏ်ပြုသောအားဖြင့် ကျောင်းတွင်း‌ပျော်ပွဲရွှင်ပွဲအားကစား ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင်းအားကစားပြိုင်ပွဲတွင် ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းက ကျောင်းသား၊ ကျောင်းသူများအား၊ အားကစားပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူအသင်းများက အသင်းအလိုက် စာအုပ်ရွက်၊ အပြေးပြိုင်၊ အမြင့်ခုန်၊ အရောင်စုံဘော်လုံးကောက်စသည့် ကစားနည်းများကို ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသောသူများအား ကျောင်းစုံညီပွဲတော်တွင် အသီးသီးပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် ကျောင်းတွင်း အားကစားပြိုင်ပွဲသို့ ဆရာ၊ ဆရာမများနှင့် မိဘဆရာအသင်းအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အား​ပေးခဲ့ကြကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)