မုံရွာ ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်ရှိ ကျောင်းသားကျောင်းသူများအား မြန်မာတို့၏ အသက်သွေးချွေးနှင့်ရင်း၍ ရခဲ့သော စိန်ရတုလွတ်လပ်ရေးနေ့ကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ လူငယ်လူရွယ်များ မိမိတို့အမျိုးကို ချစ်မြတ်နိုးလာစေရန်နှင့် မျိုးချစ်စိတ်ဓာတ် ထက်သန်လာစေရန် ရည်ရွယ်၍ မုံရွာတက္ကသိုလ် ၂၀၂၃ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အဆိုပါ မုံရွာတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ မုံရွာတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာခင်နွဲ့အေးက အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်း ကျင်းပပြုလုပ်ခဲ့သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲတွင် “လွတ်လပ်ရေး၏အနှစ်သာရ” ခေါင်းစဉ်ဖြင့် (၄၉)ဦး၊ ကဗျာပြိုင်ပွဲတွင် “လွတ်လပ်ရေးအောင်လံမြူးလွင့်ချိန်” ခေါင်းစဉ်ဖြင့် (၇)ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် “လွတ်လပ်ရေးအမွေအမြဲတည်တံ့ပါစေ” ခေါင်းစဉ်ဖြင့်(၈)ဦး စုစုပေါင်း တက္ကသိုလ်အဆင့် ကျောင်းသား/ကျောင်းသူ(၆၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် စိတ်ပညာပါမောက္ခဌာနမှူး ဆရာမကြီး ဒေါက်တာမြင့်မော်ဦးက စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယ ထူးချွန်ဆုရရှိသူများအားလည်းကောင်း၊ အရှေ့တိုင်းပညာ ပါမောက္ခဌာနမှူး ဆရာမကြီး ဒေါက်တာလှလှမြင့်က ကဗျာပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယ ထူးချွန်ဆုရရှိသူများအားလည်းကောင်း၊ ပထဝီဝင်ဌာန ပါမေက္ခဌာနမှူး ဆရာမကြီး ဒေါက်တာခင်မျိုးမျိုးချွန်က ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိသူများအား ဆုများလက်ဝယ်အရောက် ထိုက်ထိုက် တန်တန် ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)