ဂန့်ဂေါမြို့က လွတ်လပ်ရေးကျောက်တိုင်သည် လွန်ခဲ့သည့်  (၇၅)နှစ်က ယူနီယံဂျက်အလံချ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ခဲ့သည့်နေရာဖြစ်

ဂန့်ဂေါ ဇန်နဝါရီ ၃

ဂန့်ဂေါမြို့ရှိ လွတ်လပ်ရေးကျောက်တိုင်မှာ မြောက်ကုန်းရပ်ကွက် ခရိုင်အားကစားကွင်း အနီးတွင် တည်ရှိ၍ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် ယူနီယံဂျက်အလံကိုချ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို လွှင့်ထူခဲ့သည့်နေရာတွင် စိုက်ထူထား သည့် သမိုင်းဝင်နေရာဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့က နိုင်ငံတော်အလံ အလံတင်အခမ်းအနားတွင် ဂန့်ဂေါမြို့၌ နယ်ပိုင်ဝန်ထောက် တာဝန်ကို ထမ်းဆောင်ခဲ့သည့် ဦးသာဒန်းနှင့် ဂန့်ဂေါမြို့နယ် ရှုံးရှီရွာတွင် နေထိုင်ခဲ့သူ လွတ်လပ်ရေး မော်ကွန်းဝင် တတိယဆင့် ဆရာကြီး ဦးရုန်းမော်တို့က ယူနီယံဂျက်အလံကိုချ၍ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ခဲ့ကြကြောင်း ဆရာကြီး၏ ကိုယ်ရေးမှတ်စုစာအုပ်တွင် ဖော်ပြထားသည်။ နှစ်ကာလရှည်ကြာစွာ လွတ်လပ်ရေးနေ့ရောက်တိုင်း နိုင်ငံတော်အလံ အလံတင်အခမ်းအနားကို အဆိုပါကျောက်တိုင်တွင် ကျင်းပလေ့ရှိကြောင်းသိရသည်။

အဆိုပါနေ့က နိုင်ငံတော်အလံ အလေးပြုအခမ်းအနားကျင်းပ၍ လူထုတက်ရောက် နေရာယူခဲ့သည့်နေရာတွင် အထိမ်းအမှတ်အဖြစ် ၁၉၈၉ ခုနှစ်က ပန်းခြံတည်ဆောက်ခဲ့သည်ဟုဆိုသည်။ ယခုအခါတွင် လွတ်လပ်ရေးကျောက်တိုင်ကွင်းအား မွမ်းမံပြင်ဆင်ခြင်းနှင့် ပန်းခြံသာယာလှပရေးကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်သားမောင်သန်း (ပြန်/ ဆက်)