ရွှေကျင် ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းကြေးရပ်ကွက်ရှိ ရေအား(ဆွမ်းအုပ်)ပန်းခြံ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက အဆိုပါ ပန်းခြံရှေ့တွင် ကျင်းပခဲ့သည်။
ရေအား(ဆွမ်းအုပ်)ပန်းခြံဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်မောင်လတ်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်သော မြို့ပြလမ်း(၁၀)လမ်း၊ အရှည်(၁)မိုင် ကွန်ကရစ်တံတား (Box Culvert) (၄)စင်း၊ အခြားလုပ်ငန်း (၁၄)ခုတို့အား ကုန်ကျငွေ ကျပ်သန်း(၄၆၆.၀၄၅)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းနှင့် ယခုဖွင့်လှစ်သော ရေအား(ဆွမ်းအုပ်)ပန်းခြံအား ကလေးကစားစရာဆီးဆော၊ (၂)ယောက်ထိုင် ကွန်ကရစ်ထိုင်ခုံ၊ ပျိုးဉယျာဉ်၊ ဆွမ်းအုပ်ပုံ၊ ဒန်းများနှင့် ပန်းခြံမီးအလှဆင်ခြင်းတို့ အား စုစုပေါင်း ငွေကျပ်(၈၀၃၀၀၀၀)သိန်းဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ ထို့နောက် ပြည်သူများကိုယ်စား မြို့မိ/မြို့ဖတစ်ဦးဖြစ်သူ ဦးကျော်မင်းနိုင်(ရွှေကျွန်းကြီး) ကုမ္ပဏီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ စစ်ဗျူဟာ(အခြေချ)(ရွှေကျင်) စစ်ဗျူဟာမှူးဗိုလ်မှူးကြီးကျော်ဖုန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးကိုကိုဇော်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦး ကျော်တိုးတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး တာဝန်ရှိသူများက ပန်းခြံဖွင့်ပွဲ အထိမ်းအမှတ်အလံများအား ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်သည်တော်များက ရေအား (ဆွမ်းအုပ်)ပန်းခြံအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)