ချောင်းဦးမြို့နယ်တွင် မိုးစပါး စီးပွားဖြစ် မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့သန့်စင်ခြင်း အတွက် တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ချောင်းဦး စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ  ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုစီမံချက်အရ၊ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသည့်  မိုးစပါးစီးပွားဖြစ် မျိုးစေ့ထုတ် စိုက်ပျိုးသည့်တောင်သူများအား တတိယအကြိမ် မျိုးစေ့သန့်စင်ခြင်းအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့ နံနက် (၉) နာရီ အချိန်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်းသိရသည်။

ထောက်ပံ့ငွေပေးအပ်ရာတွင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး‌ ဒေါ်ခင်မြတ်မြတ်ဦးက မျိုးသန့်မျိုးစေ့ထုတ်လုပ်ရခြင်း ၏ ရည်ရွယ်ချက်များ၊ ဓာတ်မြေဩဇာများ အချိန်ကိုက် အချိုးကျထည့်သွင်းနည်း၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းများနှင့် အကျိုး ကျေးဇူး များအား ရှင်းလင်းဆွေးနွေးပြီး၊ ခင်မွန်နည်းပညာပြန့်ပွားရေး စင်တာကြီးကြပ် ဒုဦးစီးမှူးဒေါ်ချောလေးက မျိုးကွဲနုတ်ပယ်ရာတွင် သတိပြုရမည့် အချက်များအားရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် ခင်မွန်နည်းပညာပြန့်ပွားရေးစင်တာ တာဝန်ခံ လ/ထဦးစီးမှူး ဦးအောင်ဆွေဦးမှ (IPM) ဘက်စုံ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းနည်းများ အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ခင်မွန်နည်းပညာပြန့်ပွားရေးစင်တာနယ်မြေအတွင်းရှိ မိုးစပါးစီးပွားဖြစ် မျိုးစေ့ထုတ်တောင်သူ(၂၀)ဦးအား မျိုးစေ့သန့်စင်စရိတ် တစ်ဧကလျှင် (၁၅၀၀၀) ကျပ်နှုန်း ထောက်ပံ့ ပေးအပ်ခဲ့‌ကြောင်း သိရသည်။

အိအိအောင် (ချောင်းဦး)