မိုးညို ဇန်နဝါရီ ၃
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနဆိုင်ရာပေါင်းစုံဘောလုံးပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲကို ယမန်နေ့ညနေ ၃ နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိမြို့နယ် ပြည်သူ့အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၂၃ ရက်နေ့တွင်စတင်ကျင်းပခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်း၊ မြို့နယ်ရဲတပ်ဖွဲ့အသင်း၊ မီးသတ်တပ်ဖွဲ့အသင်း၊ ပညာရေးအသင်း၊ မြေစာရင်းဌာနအသင်း၊ ကျေးလက်လမ်းအသင်းစသည့် အသင်း(၆)သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်ရဲတပ်ဖွဲ့အသင်းနှင့်ပညာရေးအသင်းတို့က ဗိုလ်လုပွဲသို့တက်ရောက်လာကာ ဆက်လက်ယှဉ်ပြိုင်ကြရာ ပညာရေးအသင်းမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား(ပထမဆု)အားလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့အသင်းမှ (ဒုတိယဆု)ကိုလည်းကောင်း အသီးသီးရရှိခဲ့သည်။
ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နှစ်ဖက်အသင်းမှလိုက်ပါအားပေးသူများ၊ အားကစားဝါသနာရှင်များက အားပါးတရကြည့်ရှုအားပေးခဲ့ကြပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)