ပဲခူး ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ပွဲ ဒုတိယညကို ဇန်နဝါရီ ၂ ရက်နေ့ ညပိုင်းက ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားကွင်း၌ ဆက်လက်ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲအား ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ ညစဉ် ၇ နာရီမှစတင်၍ သုံးညတိုင်တိုင် ကျင်းပလျက်ရှိရာ ဇန်နဝါရီ ၂ ရက် ဒုတိယညဓမ္မသဘင်တွင် ပဲခူးမြို့သာသနာ့ဇောတိက စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် သာသနဓဇဓမ္မာစရိယ၊ မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဇနိတ အရှင်သူမြတ်က “လူပီသသူဖြစ်ပါစေ”တရားခေါင်းစဉ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်းတရားတော်ကို ဟောကြားတော်မူခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်သစ်ကူးတရား အလှူတော်ဓမ္မသဘင်ပွဲသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အသီးသီးရှိ ဓမ္မမိတ်ဆွေ သူတော်စင်များ လာရောက်တရားတော်နာယူကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဖွယ်ပစ္စည်းများနှင့် ဓမ္မပူဇာအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)