ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်အညီ အငြိမ်းစားဝန်ထမ်းပင်စင်များထုတ်ပေးလျက်ရှိရာ ယနေ့ထိ (၉၁၂)ဦး ထုတ်ပေးနိုင်ခဲ့

မင်းလှ(အောက်)  စက်တင်ဘာ  ၂၃

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ ပင်စင်ထုတ်ယူရာ၌ ကိုဗစ်-၁၉ ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာ  ၂၁ ရက်နေ့ နံနက် ၇ နာရီမှစတင်ကာ စနစ်တကျထုတ် ပေးလျက်ရှိရာ ယနေ့ထိ (၉၁၂)ဦးထုတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။
မင်းလှမြို့နယ်တွင် ပင်စင်ထုတ်ယူမည့်ဦးရေ(၂၃၀၀) ကျော်အနက်မှ လစဉ် (၁၇၀၀) ကျော်ခန့်သာ ထုတ်ယူလျက်ရှိပြီး စက်တင်ဘာပင်စင်များထုတ်ယူသူ ယနေ့အထိ (၉၁၂) ဦးနှင့် Myanmar Mobile Money ဖြင့် ထုတ်ယူသူ (၁၄) ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ မန်နေဂျာ ဒေါ်ဆွေဆွေခင်ကပြောပါသည်။
ယခင်ကာလတွင် ၂၁ ရက်နေ့တစ်ရက်တည်းသာ ပင်စင်လစာများကိုထုတ်ယူကြပြီး ကိုဗစ်-၁၉ ကာလနောက်ပိုင်းတွင် ဘဏ်ဖွင့်သည့် ရုံးချိန်အတွင်း မည်သည့်ရက်တွင်မဆိုလာရောက် ထုတ်ယူနိုင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည်  ကူးစက်နှုန်းမြန်ဆန်လာသဖြင့် လူစုလူဝေး မဖြစ်ပွားစေရန် စက်တင်ဘာ ၂၁ ရက်မှစတင်ကာ နံနက် ၇ နာရီမှ နေ့လယ် ၃ နာရီအထိ ပင်စင်များထုတ်ပေးလျက် ရှိကြောင်းသိရသည်။
ပင်စင်ထုတ်ယူမည့်သူများသည်ကျန်းမာရေးဌာနမှ ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်း စသည့် စစ်ဆေးခြင်းများခံယူပြီးမှသာ ဘဏ်အတွင်းကို ဝင်ရောက်ရ ကြောင်း သိရသည်။


ပေါက်စ မင်းလှ