တောင်ငူ ဇန်နဝါရီ ၂
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းများ၊ အားကစားပြိုင်ပွဲနှင့်စျေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ မိုင်ဒါကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပွဲတော်ကျင်းပရေး ဆောင်ရွက်မှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်မှ ရှင်းလင်းတင်ပြပြီး မြို့မိမြို့ဖ၊ ဦးယဉ်ဌေးက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် အခမ်းအနားအား တောင်ငူတပ်နယ်မှူး ဗိုလ်မှူးကြီးသန်းနိုင်ညွန့်၊ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းချွန်၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်မြို့မိမြို့ဖ ဦးမြင့်ညိုတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် တောင်ငူတပ်နယ်မှူးဗိုလ်မှူးကြီးသန်းနိုင်ညွန့်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းများ၊ အားကစားပြိုင်ပွဲများနှင့် စျေးရောင်းပွဲတော်အား လှည့်လည်ကြည့်ရှုသည်။
တောင်ငူမြို့တွင် အားကစားပြိုင်ပွဲများအနေဖြင့်ဘောလီဘောပြိုင်ပွဲကို (၂၉-၁၂-၂၀၂၂)ရက်နေ့မှ (၄-၁-၂၀၂၃)ထိလည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲကို (၁-၁-၂၀၂၃)ရက်နေ့မှ (၃-၁-၂၀၂၃)ရက်နေ့ထိလည်းကောင်း၊ စစ်တုရင်ပြိုင်ပွဲနှင့် ရိုးရာခြင်းအလှခတ်ပြိုင်ပွဲကို (၂-၁-၂၀၂၃)မှ (၃-၁-၂၀၂၃)ရက်နေ့အထိလည်းကောင်း၊ မိုက်ခရိုမာရသွန်ပြိုင်ပွဲကို(၂-၁-၂၀၂၃)ရက်နေ့တွင်လည်းကောင်း၊ ချောတိုင်တက်ပြိုင်ပွဲ၊ ခေါင်းအုန်းရိုက်ပြိုင်ပွဲနှင့် စက်ဘီးအပျော်စီးပွဲတော်ကို (၄-၁-၂၀၂၃)ရက်နေ့တွင်လည်းကောင်း အသီးသီးကျင်းပပြီး ဆုရရှိသူများအား (၄-၁-၂၀၂၃)ရက်နေ့တွင် ဆုချီးမြှင့်ခြင်းအခမ်းအနားဖြင့် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းများ၊ အားကစားပြိုင်ပွဲနှင့် စျေးရောင်းပွဲတော်ကို ဇန်နဝါရီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ကိုကို (ပြန်/ဆက်)