သရက် ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လမ်းရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက် ကြရန်နှင့် သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် မှာကြားခဲ့သည်။ ယင်းနောက် သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် အခမ်းအနားပြင်ဆင်ထားရှိမှု၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်မည့် အစီအစဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးက လုံခြုံရေးဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများ၏ ဆွေးနွေးမှုများအပေါ် သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်