နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

ထန်ပါခွေ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နံနက် (၁၀)နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးဟန်မျိုးထွန်းက စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စာပေလေ့လာဖတ်ရှုခြင်းသည် အသိဉာဏ်ပညာ ဗဟုသုတများစွာ တိုးပွားစေခြင်း၊ လက်တွေ့ဘဝတွင် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊ အမှားအမှန်ကို ကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ပြီး အဆိုပါ အခမ်းအနားသို့ မူလတန်း၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ဟန်ထွန်း(အင်းဝ)